ပြင်ဦးလွင် ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်း(၁)နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ ကံ့ကော်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ၊ ဒေါ်ဇာမွန်ဦးက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပြီး လက်တွေ့သရုပ်ပြသခြင်း ၊ ပြင်ဦးလွင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးဦးမိုးဆွေက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးထွန်းထွန်းဝင်းက ရှေးဦးပြုစုခြင်း အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်လျက်ရှိရာ ရှေးဦးစွာ ငလျင်ဖြစ်ပွားကြောင်း အချက်ပြဉဩသံပေးခြင်း၊ စာသင်ခန်းများအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများမှ တုံ့ပြန်ဆောင်ရွက်ခြင်း ၊ စာသင်ခန်းများအတွင်းရှိ ကျောင်းသား ၊ ကျောင်းသူများမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း ၊ စာသင်ခန်းများအတွင်း ပိတ်မိနေသည့် ကျောင်းသား ၊ ကျောင်းသူများအား ရှာဖွေကယ်ဆယ်ခြင်း ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်လာသူများကို ရှေးဦးပြုစုခြင်း ၊ အရေးပေါ်ကုသရေးနေရာသို့ ပို့ဆောင်ပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ပျောက်ဆုံးမှု ရှိ/ မရှိစစ်ဆေးခြင်းတို့အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့်သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းတို့ ပူးပေါင်းကာ ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည် ။
ခရိုင် ၊ ပြန်/ဆက်