မော်လမြိုင် အောက်တိုဘာ ၁၂
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြန်ဆန်ပြီး လူနာ အရေအတွက် တိုးလာသည့်အတွက် မွန်ပြည်နယ်အတွင်းရှိလူနာများကို မြို့နယ်အထွေထွေရောဂါကု ဆေးရုံကြီးတွင် ထားရှိရန်မလုံလောက်တော့သဖြင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝန်းရှိ ယာယီဆေးရုံ Isolation Ward-3 ဆောက်လုပ်ထားရှိမှုအား ယမန်နေ့ မွန်းလွဲပိုင်း၌ လူမှုရေးဝန်ကြီး သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့်အတူ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်၊ ဒေါက်တာဝတ်မှုံ၊ COVID-19 Clinical Management Committee အဖွဲ့မှ တာဝန်ရှိသူများ ပါဝင်ကြပြီး လိုအပ်ချက်များအား အကြံပြုခဲ့ကြသည်။
အဆိုပါ ယာယီဆေးရုံ Isolation Ward-3 သည် ကျော်ကြားဆောက်လုပ်ရေးပစ္စည်း ရောင်းဝယ်ရေး ဆိုင်မှ လှူဒါန်းထားကာ စက်တင်ဘာ ၂၅ ရက်နေ့တွင် စတင်၍ အလျား(၃၂၀)ပေx အနံ(၈၀)ပေဖြင့် ဆောက်လုပ်ခဲ့ပြီး ICU အခန်း၊ PPE အဝတ်လဲခန်း၊ ရေချိုးခန်း၊ အိမ်သာများပါရှိကာ လူနာ (၃၀၀) ခန့် ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)