တာချီလိတ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လူ၊ကယ်ဆယ်ရေးပစ္စည်းနှင့် ပို့ဆောင်ရေးယာဉ်အသင့်ပြင်ဆင်စုဖွဲ့ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ က စစ်ဗျူဟာအဖွဲ့(အခြေချ) နယ်မြေခံတပ်စစ်ရေးပြကွင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသူရဇော်လွင်စိုးက သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်း၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အချိန်တိုအတွင်း တုံ့ပြန်ကူညီဆောင်ရွက်နိုင်ရန် အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်က ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်မဖြစ်ပွားခင် လုပ်ဆောင်ထားသင့်သည့်အချက်များ၊ ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို သိရှိနားလည်စေရန်နှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အခြားသောဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ထိရောက်မြန်ဆန်စွာ စနစ်တကျပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော်သားတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ လူမှုကူညီရေးပရဟိတအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ စုစုပေါင်း ၂၂၈ ဦးဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိမှုများ ဆောင်ရွက်ကြသည်။ ထိုသို့ဆောင်ရွက်နေမှုများကို စစ်ဗျူဟာမှူး သူရဇော်လွင်စိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ လိုက်လံကြည့်ရှုစစ်ဆေးကာ သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါက ကယ်ဆယ်ရေးပစ္စည်း ၉ မျိုး၊ အခြေခံစားသောက်ကုန် ၇ မျိုး၊ ထောက်ပံ့ရေးပစ္စည်း ၁၀ မျိုးတို့ အသင့်စုဖွဲ့ပြင်ဆင်ထားရှိပြီး ယာယီရွှေ့ပြောင်းရန်နေရာအဖြစ် မြို့မအားကစားရုံ၌ ဝင်ဆံ့ဦးရေ ၁၀၀ ဦး၊ အောင်မြတ်ခန်းမ၌ ၈၀ ဦး၊ တရုတ်ဘုံကျောင်း၌ ၁၂၀ ဦး နေထိုင်တည်းခိုနိုင်ရန် ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)