ဝိုင်းမော် ဇူလိုင် ၁၄
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စုမဒိန်ကွင်းအား ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဖော်ထုတ်ပြီးစီးခဲ့သော စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဧက ၁၀၀ စိုက်ကွင်းအတွင်း မိုးစပါးပန်းတိုင်အထွက် နှုန်းပြည့်မီစေရေးနှင့် စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်ရေး တောင်သူအသိပညာပေး ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါဧက ၁၀၀ စိုက်ကွင်းအတွင်း ကျင်းပပြုလုပ်သည်။
ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းစွမ်းရည်ပြိုင်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်မြှင့်မားလာစေရေးနှင့်ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖြစ်ထွန်းလာစေရေး ပြည်နယ်၏စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စပါးစိုက်တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လယ်ယာလုပ်ငန်းခွင်များတွင် လယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲလာပြီး ခေတ်မီစိုက်ပျိုးနည်းပညာများကို အသုံးပြုတတ်လာစေရန် ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာများနှင့်အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးရဲမြင့်က စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်ရေး လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ၊ လယ်ယာသုံးစက်ကိရိယာများ တပ်ဆင်အသုံးပြုနိုင်မှု ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်လာနိုင်ရေးစသည့် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျောင်းသား/ကျောင်းသူများနှင့်အတူ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်းနှင့် ဟိုပင်အသင်းများက လယ်ယာမြေပေါ်တွင် သတ်မှတ်နေရာအလိုက် အထွက်တိုးမျိုးစပါးဆင်းဧကရီ -၃ပျိုးပင်များအား ကောက်စိုက်စက်များဖြင့် ယှဉ်ပြိုင်စိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကြရာ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက အမှတ်ပေးစည်းမျဉ်းနှင့်ညီ/မညီ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးဌေးလွင်က ပြိုင်ပွဲအတွက် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းတင်ပြပြီး ဆုရအသင်းများကိုကြေညာရာ ဆုရအသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများက ပထမ၊ ဒုတိယ၊ တတိယနှင့်အထူးဆုအသင်းများကို ဂုဏ်ပြုချီးမြှင့်ငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး ထောက်ပံ့ငွေများကိုပေးအပ်ကာ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနများမှ ပြသထားသည့် စိုက်ပျိုးရေးပစ္စည်းများနှင့် တောင်သူအသိပညာပေး စိုက်ပျိုးနည်းပညာပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်