ဝိုင်းမော် ဇူလိုင် ၁၄
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခါးရှိကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သန်း(၁၀၀)မတည်ပံ့ပိုးပေးမှုဖြင့် ဒေသခံတောင်သူအစုအဖွဲ့အစုအဖွဲ့များ၏ ပေါင်ကမ်လားလယ်ယာ အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းသမဝါယမအသင်းပိုင် သဘာဝမြေသြဇာစက်ရုံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စက်ရုံသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စက်ရုံအတွင်း စိုက်ပျိုးမွေးမြူရေးစွန့်ပစ်ပစ္စည်းများဖြင့် သဘာဝမြေသြဇာများထုတ်လုပ်ထားရှိမှု၊ မြေသြဇာတွင် ပါဝင်သောပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဒေသခံတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့အတွက် ထောက်ပံ့ငွေများကို ပေးအပ်သည်။
ယင်းနောက် စက်ရုံဖွင့်ပွဲအခမ်းအနားကို ခါးရှိကျေးရွာရှိ ငါးလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သန်း (၁၀၀)မတည်ပံ့ပိုးမှုဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာရရှိရေး၊ သဘာဝမြေသြဇာကို အလေးထားသုံးစွဲနိုင်ရေးနှင့် ဒေသခံတောင်သူများအတွက် ဓာတ်မြေသြဇာဈေးနှုန်းမြင့်မားမှုအပေါ် ဝန်ထုပ်ဝန်ပိုးလျှော့ချပြီး အမှန်တကယ်အကျိုးဖြစ်ထွန်းစေသည့် သဘာဝမြေသြဇာစက်ရုံကို ဖွင့်လှစ်နိုင်ပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုးစပါးအပြင် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အရည်အသွေးပြည့်မီသည့် စိုက်ပျိုးရေးသီးနှံထုတ်ကုန်များဖြစ်လာစေရေး အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပေါင်ကမ်လား လယ်ယာအထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းသမဝါယမအသင်းလီမိတက် အမှုဆောင်အဖွဲ့ဝင်ဦးဖန်ရှင်က သဘာဝမြေသြဇာစက်ရုံမှ မြေသြဇာအိတ်များ ထုတ်လုပ်နိုင်မှု အခြေအနေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးမှုအပေါ်ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အနှစ်သာရရှိရှိဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များအပေါ် ကြိုတင်စီမံဆောင်ရွက်ကြရေးမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးကော်မတီဖွဲ့စည်းထားရှိမှု၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၇ နာရီက မြစ်ကြီးနားမြို့ အနော်ရထာလမ်းနှင့် ဈေးကြီးလမ်းဆုံမှ အမှတ်(၂)ရဲစခန်းမီးပွိုင့်အထိ မြို့သန့်ရှင်းသာယာလှပရေးနှင့် လူနေမှုပတ်ဝန်းကျင်စနစ်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် Kachin State Clean & Green (KCG)အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများနှင့်အတူ လမ်းဘေးဝဲ/ယာတစ်လျှောက် သစ်ပင်ကြီးများခုတ်ထွင်ပေးခြင်း၊ မြက်နှင့်ခြုံနွယ်များရှင်းပေးခြင်း၊ ပလတ်စတစ်အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်