ပြင်ဦးလွင် ဇူလိုင် ၁၃
ပြင်ဦးလွင်မြို့တွင် (Biometric) အချက်အလက်များကောက်ယူပြီး (Unique ID (UID)) ထုတ်ပေးခြင်း လုပ်ငန်းများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်လွင်ဦးသည် အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ (e-ID) စနစ်လုပ်ငန်းအတွက် ကျောင်းသား၊ ကျောင်းသူများအား (Biometric) အချက်အလက်များ ကောက်ယူနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့သွားရောက်စဉ် ပြင်ဦးလွင်မြို့နယ်အတွင်း မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းဇယားအချက်အလက်နှင့် လက်ခံမှတ်တမ်းများ စုစည်းသိမ်းဆည်း ထားရှိမှု၊ (e-ID) စနစ်လုပ်ငန်းအတွက် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝအချက်အလက် (Biometric) ကောက်ယူနေမှုကို သွားရောက် ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ (Biometric) အချက်အလက်များ ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးနိုင်ရေးဆောင်ရွက်ခြင်း လုပ်ငန်းများကို ဇွန်လ (၂၆) ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ (၁၂)ရက်နေ့အထိ (၁၆၀၄) ဦးခန့်အား ထုတ်ပေးပြီးဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ သိရသည်။
ယခု ဆောင်ရွက်သည့် e-ID စနစ် လုပ်ငန်းတွင် ဂဏန်း(၁၀)လုံးပါ (Unique ID) ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ပြည်သူကို ထိရောက်သော ဝန်ဆောင်မှုအဖြစ် (National ID Smart Card) ထုတ်ပေးခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)