ပူတာအို ဇူလိုင် ၁၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့သမိုင်းကြောင်းများကို ကျောင်းသူကျောင်းသားများသိရှိနားလည်လာစေရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားအတုယူ တန်ဖိုးထားပြီး မျိုးချစ်စိတ်ဓါတ်အစဉ်ကိန်း အောင်းလာစေရန်အတွက် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအုပ်စု၊ မုဒုံ-၂ ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက် သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားရှိသော မျိုးချစ်စိတ်ဓါတ်များ ကျောင်းသားကျောင်းသူများတွင် အစဉ်ကိန်းအောင်း နေစေရေးစသည့်ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့်အများရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများ ရရှိလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက်အဖြစ် ယူဆောင်လာသောစာအုပ်စာစောင်များကို ဌားရမ်းဖတ်ရှုစေပြီး မိမိဖတ်ရှုသည့်စာအုပ်ပါအကြောင်းအရာများကို အများရှေ့တွင် ပြန်လည်အသိပညာဗဟုသုတများ မျှဝေဖတ်ရှုစေခဲ့ကာ ဦးစီးအရာရှိက ပြန်လည်မျှဝေသော အကြောင်းအရာများနှင့်ပတ်သက်၍ ဖြည့်စွက်အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုအနေဖြင့် (၁၉)ဇူလိုင်မမေ့နိုင်သည့် အာဇာနည်ခေါင်းဆောင်ကြီးများ၊ ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ မြန်မာ့လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းစသည့် ခေါင်းစဉ်များဖြင့် ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင် ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြပွဲများကို ကျောင်းသားကျောင်းသူများ စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)