နေပြည်တော် ဇူလိုင် ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် အောင်ချက်အကောင်းဆုံးမြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)၌ ကျင်းပသည်။
အခမ်းအနားသို နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်နှင့်ဇနီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၊ ဂုဏ်ထူးရကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူချွန်လူကောင်းသီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုသည် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ၄၇ ဒသမ ၁၈ ရာခိုင်နှုန်းရှိပြီး ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ၆၃ ဒသမ ၈၆ ရာခိုင်နှုန်းရှိရာ ယခုနှစ်အောင်ချက် ရာခိုင်နှုန်းတိုးလာသည်ကိုတွေ့ရှိရပါကြောင်း၊ အောင်ချက်ရာခိုင်နှုန်း မြင့်မားလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ သင်ကြားပေးခဲ့ကြသည့် ဆရာ၊ ဆရာမများ၊ ကြိုးစားခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အနာဂတ်မှာ မိမိနိုင်ငံ၊ မိမိအကျိုးအတွက် ကောင်းသထက်ကောင်းအောင် ပိုမိုပြည့်ဝသည့် အရည်အချင်းမျိုးများကို ဆက်လက်ကြိုးစားစေလိုကြောင်း၊ မျိုးဆက်သစ်ကျောင်းသား/ ကျောင်းသူများ ထူးချွန်ထက်မြက်စေရေးအတွက် မိဘ၊ ဆရာများအားလုံး စည်းလုံးညီညွတ်စွာ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခုပညာရေးစနစ်သည် ကျောင်းသား / ကျောင်းသူများကိုယ်တိုင် လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ အုပ်စုလိုက်ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်သွယ်ပြောဆိုခြင်း၊ အချင်းချင်းအပြန်အလှန်ဆက်ဆံခြင်း၊ အသစ်ဖန်တီးနိုင်စွမ်းရှိခြင်းနှင့် ဆန်းသစ်တီထွင်ခြင်း၊ နိုင်ငံ့သားကောင်းစိတ်ဓာတ်ရှိခြင်းနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးမှုစသည့် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှုများရရှိစေသော သင်ကြားနည်းများဖြင့်ပြုစုထားသည့် သင်ရိုးသစ်များနှင့် သင်ကြားနေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ကျင့်သုံးလျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေခံများနှင့် လိုက်လျောညီထွေမှုရှိပြီး၊ နိုင်ငံတကာပညာရေးနှင့် ရင်ပေါင်တန်းနိုင်သည့် အခြေခံပညာရေးစနစ် ဖြစ်ထွန်းလာစေရေး၊ နိုင်ငံသားတိုင်း အခြေခံပညာကို ကောင်းစွာတတ်မြောက်ပြီး တိုးတက်ပြောင်းလဲလာသည့် သိပ္ပံနှင့်နည်းပညာများအကူအညီဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် လူစွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေး၊ လူမှုစီးပွားရေးကဏ္ဍအသီးသီးတွင် ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှု အရည်အသွေးပြည့်ဝစွာဖြင့် စွမ်းဆောင်နိုင်သူများ ပေါ်ထွန်းလာစေရေး၊ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ရင့်သန်ခိုင်မာပြီး ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းစောင့် ရှောက်နိုင်စွမ်းရှိသည့် နိုင်ငံသားကောင်းများပေါ် ထွန်းလာစေရေး၊ ကျန်းမာကြံ့ခိုင်ပြီး စာရိတ္တကောင်းမွန်သည့် ဘက်စုံပညာပြည့်ဝသူများ ပေါ်ထွန်းလာစေရေး၊ မိမိဘဝနှင့် လူမှုအဖွဲ့အစည်း အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးနှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်နိုင်သည့် ကမ္ဘာ့လူရည်မွန်များ ပေါ်ထွန်းလာစေရေး၊ တစ်သက်တာသင်ယူမှုနှင့် စဉ်ဆက်ပညာရေး (Life Long Learning and Continuing Education)၏ အကျိုးတရားကို နားလည်လက်ခံပြီး နိုင်ငံတော်နှင့် မိမိဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အစဉ်လေ့လာသင်ယူနေသော အဖွဲ့အစည်းအဖြစ် ပေါ်ထွန်းလာစေရေး၊ မြို့ပေါ်နှင့် ကျေးလက်ဒေသများတွင် လေ့လာသင်ယူမှု အခွင့်အလမ်းများ တစ်ပြေးညီရရှိပြီး၊ အသက်မွေးဝမ်းကျောင်း ပညာအခြေခံဖြင့် ရွေးချယ်သင်ယူနိုင်စေရေး၊ အခြေခံပညာကျောင်းများသည် ဒေသတစ်ခု၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု ပင်မဌာနများအဖြစ် ပေါ်ထွန်းလာစေရေးဆိုသည့် အခြေခံပညာကဏ္ဍ နှစ်ရှည်စီမံကိန်း မျှော်မှန်းချက်များကို အားလုံးဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အောင်ချက်အကောင်းဆုံးမြို့နယ်သုံးမြို့နယ်အား ဂုဏ်ပြုဆုများကိုချီးမြှင့်ပြီး ခြောက်ဘာသာဂုဏ်ထူးရရှိကြသည့် ကျောင်းသား/ ကျောင်းသူသုံးဦးတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ခြောက်ဘာသာ၊ ငါးဘာသာ၊ လေးဘာသာဂုဏ်ထူး ရရှိကြသည့် ကျောင်းသား/ကျောင်းသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရွှေနံသာနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရွှေနံသာမှ ဆရာမတစ်ဦးတို့အား ဂုဏ်ပြုဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင် မဆုလင်းနွယ်က ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ဂုဏ်ထူးများရရှိကြသည့် ကျောင်းသား ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးဆုရ မြို့နယ်များမှ ပညာရေးမှူးများ၊ အောင်ချက်အကောင်းဆုံးဆုရ ကျောင်းများမှတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် ခြောက် ဦး၊ ငါးဘာသာ ၂၅ ဦး၊ လေးဘာသာ ၄၇ ဦး၊ သုံးဘာသာ ၁၂၅ ဦး၊ နှစ်ဘာသာ ၂၇၉ ဦး၊ တစ်ဘာသာ ၉၈၅ ဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ၁၄၆၇ ဦးရှိပြီး အောင်ချက်အကောင်းဆုံးပထမဆုရ ဒက္ခိဏသီရိမြို့နယ်၊ ဒုတိယဆုရ ပျဉ်းမနား မြို့နယ်နှင့် တတိယဆုရ တပ်ကုန်းမြို့နယ်၊ အောင်ချက်အကောင်းဆုံးဆုရ အခြေခံပညာအထက်တန်း(ခွဲ) ရွှေနံသာကျောင်း တစ်ကျောင်းနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သည့် အခြေခံပညာအထက် တန်းကျောင်း(ခွဲ)ရွှေနံသာမှ ဆရာမ တစ်ဦးတို့ ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)