မြောက်ဥက္ကလာပမြို့နယ်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်

မြောက်ဥက္ကလာပ ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က အုပ်ချုပ်ရေး၊ လုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် ကျူးကျော်ကိစ္စများ၊ SME လုပ်ငန်းအတွက် ချေးငွေကိစ္စများ၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ရပ်ကွက်များ၊ ကျောင်းများတွင် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆာင်ရွက်သွားရန်၊ ရေမြောင်းများ ပိတ်ဆို့ပါက မြို့နယ်စည်ပင်နှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ KTV ဆိုင်များ လုပ်ငန်းလိုင်စင်ရှိ/မရှိ စစ်ဆေးရန်နှင့် အဓိကအနေဖြင့်  ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်ညှိနှိုင်းရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး အဖွဲ့ဝင်များမှလည်း လိုအပ်ချက်များကို အသီးသီးဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ အသီးသီး ပြန်လည်ဆွေးနွေးရာတွင် မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာလဲ့ညိုဝင်းမှ စာသင် ကျောင်းများတွင် ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများ၊ လူဦးရေ (၄၀)အထက်ရှိသည့် ဌာနဆိုင်ရာများ၊ အလုပ်ရုံများသို့ သွားရောက်၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးသွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)