မုံးကိုး အောက်တိုဘာ ၁၂
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီအချိန်ခန့် က မုံးကိုးမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင် က “မူဆယ်မြို့မှာ ကိုဗစ်-၁၉ရောဂါ အတည်ပြုပိုးတွေ့လူနာတွေ ရှိလာတဲ့အတွက် ပြည်သူတွေရဲ့တင်ပြတောင်းဆိုချက်အရ အခုအစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ပါတယ်၊ မြို့အဝင်/အထွက်ဂိတ်မှာ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ လူအဝင်/အထွက်မှတ်တမ်းထားရှိမှု အခြေအနေများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေး၊ အပြင်ဘက်သို့ သွားလာနေသည့် ပြည်သူတိုင်းနှာခေါင်းစည်း တပ်ဆင်နိုင်ရေး၊ စည်းကမ်းချက်များကို စနစ်တကျလိုက်နာနိုင်ရေးနှင့် နေရပ်ပြန်ပြည်သူများ ရှိပါက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး တွေကတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားနိုင်ရေးနှင့် ပြည်သူများဝိုင်း ဝန်းပူးပေါင်း ပါဝင်နိုင်ရေး”တို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မူဆယ်-မုံးကိုးပြေးဆွဲနေသည့် ခရီးသည်ယာဉ်လိုင်းများကို ယာယီရပ်နားပေးရန်၊ မုံးကိုးမြို့သို့ ဝင်ရောက်လာသည့် ခရီးသည်များကို စည်းကမ်းချက်နှင့်အညီ ကြပ်မတ်ဆောင်ရွက်ပေးရန်နှင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ ခရီးသွား ထောက်ခံချက်ပါမှသာလျှင် မြို့အတွင်းသို့ ဝင်ရောက်သွားလာခွင့်ပြုလုပ်ပေးရန်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းဇော်ဦး(ပြန်/ဆက်)