ပုဇွန်တောင် ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် ၁၁ နာရီက ပုဇွန်တောင်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ အင်အားသစ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မြတ်သီရိခိုင်က ကျောင်းသားကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန်နှင့် တန်ဖိုးထားတတ်စေရန် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကြောင်း သိရသည်။
ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းများနှင့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရစကားများ၊ အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ သမိုင်းအကြာင်းအရာများ၊ မှတ်တမ်းဓာတ်ပုံများနှင့် အသိပညာပေးစာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများ၊ ဆရာမများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်