သိန္နီ ဇူလိုင် ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် (အကြို) နှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတိအကျဉ်း၊ အာဇာနည်နေ့အား မြတ်နိုးတန်ဖိုး ထားသင်ပုံ၊ အာဇာနည်စိတ်ဓါတ်အား အတုယူသင့်ပုံတို့ကို အသိပညာပေး ပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပပဝင်းက ကျောင်းသားလူငယ်များ အားကစားလေ့လာလိုက်စား သင့်ပုံ၊ အားကစားအမျိုးအစားများ အကြောင်း၊ လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး မေးခွန်းများ ပြန်လည်မေးမြန်း ကာ အမှတ်တရ လက်ဆောင်များ ချီးမြှင့်ပေးအပ်ခြင်း၊ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)