တောင်ပြိုလက်ဝဲ ဇူလိုင် ၁၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အတွင်းရှိကလေးသူငယ်များအား ရောဂါကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မောင်တောမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် တောင်ပြိုလက်ဝဲမြို့၊ တောင်ပြိုယာကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ဒေါ်စမ်းစမ်းမြင့်အောင် ဦးဆောင်၍ ဝန်ထမ်းများက မီးတိုက်ကျေးရွာတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ပြိုယာကျေးလက်ကျန်းမာရေးဌာန(ခွဲ)အနေဖြင့် ကျေးရွာများသို့ကွင်းဆင်း၍ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ အသက်(၉)နှစ်မှ(၁၀)နှစ်အတွင်း အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၂)နှစ်အောက်ကလေးများတွင် ဖြစ်ပွားတတ်သည့် အသည်းရောင်အသားဝါ(ဘီ)၊ ဘီစီဂျီ၊ ရောဂါများနှင့်အခြားကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းနိုင်(ပြန်/ဆက်)