အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဇေယျသိဒ္ဓိ အားကစားကွင်းဖွင့်ပွဲနှင့် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

လားရှိုး ဇူလိုင် ၁၃

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ဇေယျသိဒ္ဓိအားကစားကွင်းဖွင့်ပွဲနှင့် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါကွင်းသစ်ကြီး၌ ကျင်းပပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိစစ်သည် မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူးနှင့်တာဝန်ရှိသူတို့က ဇေယျသိဒ္ဓိအားကစားကွင်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ တိုင်းရင်းသား ယဉ်ကျေးမှု အကဖျော်ဖြေမှု၊ ကျောင်းသား၊ ကျောင်းသူများ Zumba Dance ဖျော်ဖြေမှု၊ ပန်းပွားအက၊ ဘင်ခရာတီးဝိုင်း၊ တိုက်ကွမ်ဒိုသရုပ်ပြအဖွဲ့၊ မြန်မာ့သိုင်းသရုပ်ပြအဖွဲ့၊ တင်းပုတ်အားကစားအဖွဲ့၊ လှံစွပ်ထိုး အားကစားသရုပ်ပြ အဖွဲ့တို့ကို ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်သည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲဖွင့်ပွဲ ပထမနေ့ပွဲစဉ်ဖြစ်သည့် လားရှိုးတပ်နယ် (က) အသင်းနှင့် လောက်ကိုင် တပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စိုင်းထွန်း