မိုင်းပန် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ဝိုးလိုင်းကျေးရွာအုပ်စု၊ တာဆန်းကျေးရွာနေ ပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းတွေ့ဆုံ၍ ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဆွေးနွေးဟောပြောခြင်း အခမ်းအနားကို တာဆန်းကျေးရွာ ငွေသောင်ယံဦးခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများမှ မိမိတို့၏ ဌာနတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို ကျေးလက်နေပြည်သူများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကျန်းမာရေး၊ ကျေးလက်ဒေသများလျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားခဲ့ပြီး တွေဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ဝိုးလိုင်းကျေးရွာအုပ်စု၊ တာဆန်းကျေးရွာနေ ပြည်သူများမှ မိမိတို့သိရှိလိုသည်များ၊ လိုအပ်ချက်များ၊ တင်ပြချက်များနှင့် မေးမြန်း ဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာဌာနအကြီးအကဲများမှ ပြန်လည်ရှင်းလင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူ များအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)