မင်္ဂလာဒုံမြို့နယ်၌ မျိုးစေ့ချကိရိယာ(Dream Seeder)ဖြင့်မိုးစပါးလက်တွေ့စိုက်ပျိုးပြသပြီး မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

မင်္ဂလာဒုံ ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိတောင်သူများ စပါးစိုက်ပျိုးရာတွင် အချိန်ကုန်သက်သာပြီး လုပ်အားကုန်ကျမှုစရိတ်များသက်သာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီ ၃၀မိနစ်က ဧကရာဇ်ကျေးရွာ၊ ကွင်းအမှတ် (၅၀၇-က) ဦးပိုင်အမှတ်(၂၈) တောင်သူဒေါ်ချို၏ လယ်မြေဆယ်ဧကတွင် မှော်ဘီစပါးမျိုးအား မျိုးစေ့ချကိရိယာ(Dream Seeder)ဖြင့်မိုးစပါးလက်တွေ့စိုက်ပျိုးပြသပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

အဆိုပါပွဲသို့ တက်ရောက်လာကြသည့် တောင်သူဦးကြီး(၁၃) ဦးတို့ကို (Dream Seeder) ဖြင့်မိုးစပါးလက်တွေ့စိုက်ပျိုးပြသခဲ့ပြီး မြို့နယ်ဦးစီးမှူးဦးမြင့်ဆွေက မျိုးစပါးများ ထောက်ပံ့ပေးအပ်သည်။

မျိုးစေ့ချကိရိယာ (Dream Seeder) ဖြင့်မိုးစပါးလက်တွေ့စိုက်ပျိုးပြသပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမြင့်ဆွေနှင့် ဝန်ထမ်းများ၊ ဧကရာဇ်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ လယ်ယာမြေစီမံကြီးကြပ်ရေးအဖွဲ့ဝင်များ၊ စိုက်ပျိုးကြမည့် တောင်သူဦးကြီးများ တက်ရောက်ကြောင်း သိရသည်။

မြတ်သူဇာ (ပြန်/ ဆက်)