ရသေ့တောင်မြို့၊ အ.ထ.က(၁)ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် ဟောပြောပွဲ ကျင်းပ

ရသေ့တောင် ဇူလိုင် ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ဇူလိုင် ၃၀ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်ဥပဒေရုံးနှင့် ပူးပေါင်းပြီးယနေ့ နံနက်၁၁ နာရီအချိန် အ.ထ.က(၁)စာသင်ခန်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အ.ထ.က(၁)ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံဒုတိယဦးစီးမှုး ဒေါ်တင်ဇာဦးက လူကုန်ကူးမှု ပေါ်ပေါက်လာပုံအကြောင်း အသိပညာပေးဆွေးနွေးဟောပြောကာ၊ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဒေါ်အေးငြိမ်းငြိမ်းစံကလူကုန်ကူးမှု ဆိုင်ရာဥပဒေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက်ရသေ့တောင်မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးဦးသာဇံက ဥပဒေဆိုင်ရာသိကောင်းစရာများအား အကျယ်တဝင့်အသီးသီးဟောပြောခဲ့ကြပြီး အခမ်းအနားတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်ပြပွဲ ပြသထားရှိမှုများအား မြို့နယ်မိခင်နှင့်ကလေး‌ စောင့်ရှောက်အဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့များနှင့် အ.ထ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။

အခမ်းအနားသို့ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် အ.ထ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ( ၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရသေ့တောင် (ပြန်/ဆက်)