အမ်းမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ၊  စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲကျင်းပ

အမ်း  ဇူလိုင် ၁၃

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်း မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲများကို ယနေ့ နေ့လယ်ပိုင်က ကျင်းပပြုလုပ်ခဲ့သည်။

အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် လေးမြတ်ဂုဏ်ရည် အာဇာနည်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် သမိုင်းမော်ကွန်းတည် ကိုးဦးအာဇာနည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် အာဇာနည်နေ့နှင့်အမျိုးသားရေးတာဝန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်မမေ့စဉ်လာအာဇာနည်နေ့ အချိန်အခါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် အာဇာနည်မြတ် မမေ့အပ်ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် တို့များမမေ့နိုင် ၁၉ ဇူလိုင် ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကျောင်းသား/သူ (၁၇)ဦး၊ အလယ်တန်းအဆင့် ကျောင်း သား/သူ (၃၁)ဦး၊ မှုလတန်းအဆင့် ကျောင်းသား/သူ (၁၅)ဦးတို့ကပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ဟောပြောပွဲတွင် အမှတ်(၁) အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်များ၏ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ကြိုးစားခဲ့ပုံများကိုလည်းကောင်း၊ အထက်တန်းပြဆရာမ ဒေါ်ခင်မြင့်ရီ၊ အလယ် တန်းပြဆရာမ ဒေါ်ခင်စန်းမေတို့က ဗိုလ်ချုပ်အောင်ဆန်းအပါ အဝင် အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိများနှင့် အာဇာနည်စိတ်ဓာတ်များ၊ အာဇာနည်နေ့နှင့် အမျိုးသားရေးတာဝန် ကျေပွန်ခြင်းကို အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။

ဆက်လက်၍ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ် သားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)