တာချီလိတ် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာများသို့ စာအုပ်၊စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက်(၁၀) နာရီအချိန်က အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်မှ "နည်းပါးသော ဗဟုသုတသည် လူကို အန္တရာယ်ဖြစ်စေသည်" ဟုဆို သကဲ့သို့ပင် စာမဖတ်သောသူ (သို့) စာပေလေ့လာဆည်းပူးခြင်း အားနည်းနေသူသည် အကြောင်းအရာ ကိစ္စကြီးငယ်နှင့် ရင်ဆိုင်ရသောအခါ မိမိ၏ နည်းပါးသော ဗဟု သုတကြောင့် အခက်အခဲများ ကြုံရနိုင်ကြောင်း၊ လူကြီးလူငယ် အရွယ်မရွေး စာဖတ်သင့်ကြောင်းနှင့် မိမိတို့ ဝန်ထမ်းများအနေဖြင့် မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်/စာငှား ပရိသတ်များအတွက် သုတ၊ ရသ၊ စာအုပ်စာစောင်များအား အလွယ် တကူ ငှားရမ်းဖတ်ရှု နိုင်စေရန် ရည်ရွယ်၍ Mobile Library စနစ်ဖြင့် ငှားရမ်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ သင်တန်းသူများအား စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးလတ်