ချောင်းဆုံ ဇူလိုင် ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်ရန်နှင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်ဒေသဖွံဖြိုးရေးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကစတင်၍ မြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ စီမံကိန်းဝင်ကျေးရွာများမှ ဒေသခံများလူမှုစီပွားဘဝအဆင်ပြေဖွံ့ဖြိုးလာကြောင်း သိရသည်။
ကျေးရွာအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်ချုပ်၊ ကောင်းရောင်းကောင်းဝယ်စသည့်လုပ်ငန်းများ လုပ်ကိုင်သူများပြီး မြစိမ်းရောင်စီမံကိန်းမှ အတိုးနှုန်းသက်သာစွာနဲ့ ချေးငွေရသည့်အတွက် ကိုယ့်ရပ်ရွာတွင် အဆင်ပြေလာတာကို မြင်တွေ့ရကြောင်း မိမိတို့ပေးရသည့် အတိုးရငွေများကို ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးမှာဖြစ်သည့်အတွက် ကျေးရွာနှင့်ဒေသခံများအပေါ် အကျိုးများသည့် စီမံကိန်းဖြစ်တယ်လို့ မုခနီးကျေးရွာမှ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ကိုင်သူဒေသခံတစ်ဦးမှ ပြောသည်။
မြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းကို ကျေးရွာ(၁၉)ရွာအထိ ဆောင်ရွက်ထားရှိကြောင်း စီမံကိန်းမှ အရင်းမပျောက်အတိုးရငွေများဖြင့် စာကြည့်တိုက်၊ လမ်း၊ စက်ရေတွင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံကိန်းဝင်ကျေးရွာများအတွင်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း စီမံကိန်းဝင်ကျေးရွာများတွင် ကော်မတီဝင်များဖွဲ့စည်းကာ ဝန်ထမ်းများမှလိုအပ်သည့် သင်တန်းများနှင့် အထောက်အပံ့များကို ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)