နေပြည်တော် ဇူလိုင် ၁၃
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်ဌာနဆိုင်ရာများ၊ အလှူရှင်များမှလှူဒါန်းသည့် ဒုတိယအကြိမ်အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီ ရုံးဝင်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် မုန်တိုင်းအန္တရာယ်သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ခဲ့ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှုများကြောင့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)မုန်တိုင်းတိုက်ခတ်ချိန်တွင် လူ့အသက်အန္တရာယ်ထိခိုက်မှုများ၊ ပျက်စီးဆုံးရှုံးမှုများကို အနည်းဆုံးအခြေအနေဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းဘေးဒဏ်ခံခဲ့ရသည့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အမြန်ဆုံးပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း၊ မုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးကို စေတနာရှင်အလှူရှင်များက အလှူငွေများလှူဒါန်းပေးကြသည့်အတွက် အထူးကျေးဇူးတင်ဝမ်းမြောက်ရပါကြောင်း၊ လှူဒါန်းပေးအပ်သည့် အလှူငွေများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနသို့ ပေးအပ်လှူဒါန်းသွားမှာဖြစ်ပြီး နိုင်ငံတော်အနေဖြင့် မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် စေတနာရှင်အလှူရှင်များက လှူဒါန်းသောအလှူငွေများကို မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများသို့ ခွဲဝေလှူဒါန်းပေး သွားမှာဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်အသုံးပြုနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များ၏ ပထမအကြိမ်တွင် စုစုပေါင်းအလှူငွေကျပ် ၃၆၃,၆၀၀,၀၀၀ ဖြစ်ပြီး ယနေ့ဒုတိယအကြိမ် အလှူငွေ ပေးအပ်လှူဒါန်းမှု စုစုပေါင်းအလှူငွေကျပ် ၆၃,၅၇၆,၄၀၀ ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)