တောင်ဥက္ကလာပမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

တောင်ဥက္ကလာပ ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို  ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ မွန်မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က အမှာစကားပြောကြားရာတွင် လူငယ်များ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြော အတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်း တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမမိဒင်ချမ်းတို့က ဉီးဆောင်ဆွေးနွေးကာ အထက်တန်းအဆင့် G-10 ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊  လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး အစရှိသည့် ခေါင်းစဉ်အောက်မှအကြောင်းအရာများကို  ဆွေးနွေးခဲ့ကြသည်။ ဒုတိယပိုင်းအနေနှင့် အဆိုပါ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့မှ ၎င်းတို့ဆွေးနွေးခဲ့သည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဖြည့်စွက် ဆွေးနွေးခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူ(၆)ဦးမှ ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍  မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းက ကျောင်းသား လူငယ်များ စာအုပ်၊ စာပေဖတ်ရှုလေ့လာထားခြင်းကြောင့် ယခုလို လူငယ်စကားဝိုင်း ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ ဗဟုသုတ၊ အသိပညာရပ်များကို ပိုမိုလေ့လာကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာမှ ပညာသင်ယူနိုင်မည်ဖြစ်၍ ကျန်းမာရေး အထူးဂရုစိုက်ရန် ပြောကြားခဲ့ပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာ မကြီး ဒေါ်အေးမြတ်မွန်က ကျေးဇူးတင်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

လူငယ်စကားဝိုင်း ဆွေးနွေးပွဲအခမ်းအနားသို့  သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ တောင်ဥက္ကလာပ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများ၊ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူ(၂၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်များကို ကျောင်းသား၊ ကျောင်းသူ များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)