နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ဇူလိုင် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင်  နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် မူဝါဒနှင့်အညီ လယ်ယာကဏ္ဍမှာ တောင်သူတွေ၏ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ပြီးတော့တစ်ဦးချင်းဝင်ငွေ တိုးတက်ဖို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊  မိုးစပါးစိုက်ပျိုးရာသီမှာ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးရန်လိုကြောင်း၊ မိုးစပါးအပြီး ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာနှင့် ပဲအမျိုးမျိုးကို  စိုက်ပျိုးသွားဖို့လိုအပ်ကြောင်း၊ မြေအားလုံးကိုအသုံးချပြီး တစ်နှစ်(၃)သီး မဖြစ်မနေ စိုက်ပျိုးရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည့်အတွက် စိုက်ပျိုးရေးကဏ္ဍမှာ တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တွင် စားရေရိက္ခာဖူလုံရေးနှင့်ဝမ်းစာပြည့်မီရေးအတွက် ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အရင်းအနှီးစိုက်စရိတ်များအား ထုတ်ချေးပေးလျက်ရှိသလို တောင်သူများလို အပ်လျက်ရှိသော သွင်းအားစုများ အရည်အသွေးပြည့်မီစွာနှင့် အချိန်မီရရှိရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍတွင်  မွေးမြူသူများကို သွင်းအားစုများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ  မတည်ထူထောင်ခွင့်ပြုငွေဖြင့် ဆီစက်လုပ်ငန်းရှင်များကို ထုတ်ချေးပေးခဲ့ပြီ ဖြစ်ကြောင်း၊ သက်ဆိုင်သည့် ဌာနဆိုင်ရာများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရည်မှန်းချက်ပန်းတိုင် ပြည့်မီအောင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)