စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနား ဇူလိုင် ၁၃

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ် သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်  ဥတ္တရသီရိမြို့နယ်၊ အမှတ် ၁၂ အခြေခံပညာအထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ်၊ အမှတ် ၃ အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်ငှားရမ်းပေးကြသည်။

စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ရသ စာအုပ်မျိုးစုံ(၂၃၀၀)ကျော် စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ် ဖြည့်ဆည်း ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ စာပေ အလွယ်တကူဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ရပ်ကွက်‌/ကျေးရွာ များအရောက် လိုက်လံငှားရမ်း‌ပေးခြင်းဖြစ်ပြီး မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့ လာ‌ရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

 

မျိုးသီဟ(ပြန်/ဆက်)