ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ    ဇူလိုင်   ၁၃

ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးဆိုင်ရာလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် မွေးမြူရေးလုပ်ငန်းရှင်များတက်ရောက်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက Video Conference စနစ်ဖြင့်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စွမ်းရှိသည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ယခုကဲ့သို့အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ရခိုင်ပြည်နယ်သို့ရောက်ရှိလာပြီး ဆက်လက်ဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေးကိစ္စများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့မှုများရှိပါကြောင်း၊ အဓိကအားဖြင့် စားရေရိက္ခာဖူလုံရေးသည် အဓိကဖြစ်ကြောင်း၊ အမိုးအကာအောက်ရောက်ရှိရေးနှင့် ပညာသင်ကြားရေး၊ ကျန်းမာရေးနှင့်ပတ်သက်ပြီးလစ်ဟင်းမှုမရှိစေရေး စသည်တို့ကိုမှာကြားခဲ့ပါကြောင်း၊ ထိုသို့မှာကြားချက်များအပေါ် အကောင်အထည်ဖော်ရန် ပြည်နယ်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများကိုယ်တိုင် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် အချိန်တိုအတွင်းမှာပင် ပြည်နယ်၏ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ဒုတိယဝန်ကြီးများကိုယ်တိုင် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသကဲ့သို့ မြို့နယ်အလိုက်လည်း တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်သည့် အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ဆောင်ကြပါကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတောင်သူများနှင့် ခိုင်းကျွဲခိုင်းနွားများ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ခိုင်းကျွဲခိုင်းနွားများ ထိခိုက်ပျက်စီးခဲ့မှုအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အစီအမံများလည်း ဆောင်ရွက်ထားရှိပါကြောင်း၊ အလားတူဝက်မွေးမြူရေး၊ ကြက်မွေးမြူရေး လုပ်ကိုင်ဆောင်ရွက်နေသူများအနေဖြင့် မျိုးကောင်းမျိုးသန့် အသားစားကြက်၊ ဥစားကြက်သားပေါက်များနှင့် ဝက်မျိုးကောင်းမျိုးသန့်အတွက် သားပေါက်များရရှိနိုင်ရေး ချိတ်ဆက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မုန်တိုင်းသင့်ဒေသများသို့ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရင်းမပျောက်မတည်ရန်ပုံငွေဖြင့် မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာထူထောင်ခြင်းလုပ်ငန်းကိုလည်း လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများတိုးတက်လာစေရန်အတွက် ခရိုင်နှင့် မြို့နယ်အလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများလည်း ထုတ်ချေးပေးထားပါကြောင်း၊ မြေပြင်တွင် အမှန်တကယ်မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်မှုကို စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ကြေင်း၊ မြေပြင်တွင်အမှန် တကယ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူများကို လိုအပ်သည့်နည်းပညာနှင့်ပံ့ပိုးမှုများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လာရောက်ဆွေးနွေးပေးကြသည့် မွေးမြူရေးလုပ်ငန်းရှင်များကိုလည်း ကျေးဇူးတင်ကြောင်းနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရေးအတွက် မိမိတို့အတွေ့အကြုံများဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများအားရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးကျော်သူဇော်က မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သည့် မွေးမြူရေးကဏ္ဍများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသော မွေးမြူရေးလုပ်ငန်းရှင်များက မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တိုးချဲ့မွေးမြူနိုင်ရန်အတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က  ပြန်လည်ဆွေးနွေးပေးကြသည်။

တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားသည်။

တင်ထွန်း(ပြန်/ဆက်)