ဆီဆိုင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်

ဆီဆိုင် ဇူလိုင် ၁၃

မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားကူးစက်တတ်သောရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီက  တဘက်ကျေးရွာအုပ်စု၊ ပန်ကန်းကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့ပူးပေါင်း၍ ပန်ကန်းကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များသို့ ကွင်းဆင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းများကိုသရုပ်ပြကာ ပန်းအိုး၊ ရေတွင်း၊ ရေကန်၊ ရေမြောင်း၊ ရေစည်၊ အမှိုက်ကန်များတွင် ပိုးလောက်လန်းများ မရှိစေရေးအတွက် အဘိတ်ဆေးများခပ်ပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)