ကျောက်ဆည် ဇူလိုင် ၁၃
ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဘက်စုံထူးချွန်ထက်ရေး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောက်ဆည်မြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယမန်နေ့ ညနေ(၃)နာရီက လူငယ်ရေးရာဟောပြောပွဲနှင့်အားကစားပစ္စည်း ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်မင်းသန်းက “ယနေ့လူငယ်နောင်ဝယ်လူကြီး”ဆိုသည့်အတိုင်း ယနေ့လူငယ်များသည် အနာဂတ်၏ခေါင်းဆောင်များဖြစ်ကြောင်း၊ မယုံနိုင်လောက်အောင် တွေးခေါ်ဖန်တီးနိုင်မှုစွမ်းရည်နှင့် လုပ်ကိုင်နိုင်မှုစွမ်းရည်များမြင့်မားကြောင်း အသိဉာဏ်ပညာတွေးခေါ်မြင့်မားမှုနှင့် ကြိုးစားအားထုတ်မှုတို့အပေါ်မူတည်၍ နိုင်ငံ၏ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည့်ကဏ္ဍများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ကျော်ဦးက လူငယ်များ၏ ပင်ကိုယ်သဘာဝအရနုပျိုလန်းဆန်းခြင်း၊ သွက်လက်ထက်မြက်ခြင်း၊ အရာရာကိုစူးစမ်းလိုခြင်း၊ ယှဉ်ပြိုင်လိုခြင်းများရှိပြီး လူငယ်နှင့်အားကစားသည် ဒွန်တွဲနေကြောင်း၊ လူငယ်များကျန်းမာကြံ့ခိုင်ပြီးဉာဏ်ရည်များ ထက်မြက်စေရန်အတွက် မိမိတို့ကြိုက်နှစ်သက်သည့် ကာယ၊ ဉာဏအားကစားနည်းတစ်မျိုးမျိုး ပြုလုပ်သွားကြစေလိုကြောင်း ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်ထူးက အားကစားဆိုသည်မှာ အင်အားနှင့်ဉာဏ်ရည်ကိုအသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှုဖြစ်ကြောင်း အားကစားများပြုလုပ်ရာတွင် ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစား၊ လူထုအားကစားစသည့် အမျိုးမျိုးရှိကြောင်း မည်သည့်အားကစားပြုလုပ်သည်ဖြစ်စေ စိတ်ရွှင်လန်းပြီး ကျန်းမာပျော်ရွှင်မှုများ ရရှိကြောင်းရှင်းလင်းဟောပြောခဲ့ပြီးမန္တလေးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မာလာက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ ကျောင်းသား/ကျောင်းသူလေးများက Fitness Dance အကများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)