ဟိုပန် ဇူလိုင် ၁၃
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် မန်ခွန်ရပ်ကွက်ရှိ လူနေအိမ်တစ်ချို့နေရာ များတွင် ယမန်နေ့ညပိုင်းက ရေကြီး၊ ရေလျှံ၊ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ရေကြီးမှု၊ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ဟိုပန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်၏ စီမံကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ လဝက၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက မန်ခွန်ရပ်ကွက်ရှိ ရေကြီးမှုဖြစ်ပွားခဲ့သည့် လူနေအိမ်များ၊ လမ်း နေရာများ၌ ရေထွက်ပေါက်များ ပြုလုပ်ပေးခြင်း၊ ရေများကုန်စင်အောင် စုပ်ထုတ်ပေးခြင်းနှင့် သဲအိတ်များ ပြုလုပ်ပေးခြင်းများ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ခဲ့မှုများကြောင့် အဆိုပါ ရေကြီးမှုများဖြစ်ပေါ်ခဲ့သည့် နေရာများတွင် ယမန်နေ့ နေ့လည်(၁၂)နာရီကျော်အချိန်၌ ရေဝင်ရောက်မှု လျော့နည်းကျဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)