မော်လမြိုင် ဇူလိုင် ၁၂
၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၉)ရက်နေ့တွင် ကျရောက်မည့် နေ့ထူးနေ့မြတ်ဖြစ်သည့် ဝမ်းနည်းသတိရဖွယ် အထိမ်းအမှတ်တစ်ခုဖြစ်သော အာဇာနည်နေ့ သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများသိရှိ နားလည်စေရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီးများအား လေးစားအတုယူတန်ဖိုးထားပြီး အမှတ်ရနေစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက် တန်းကျောင်းတွင် အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးပြီး မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က မြန်မာတစ်မျိုး သားလုံးအတွက် နေ့ထူးနေ့မြတ်များတွင် တစ်ခု အပါအဝင်ဖြစ်သည့် ဇူလိုင်(၁၉)ရက်နေ့တွင် ရောက်ရှိမည့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မြန်မာတစ်မျိုးသားလုံးအတွက် အားကျအတုယူ မမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိများနှင့် ယနေ့ခေတ်လူငယ်၊ လူရွယ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ တိုင်းပြည်နှင့်လူမျိုးအပေါ် ထားရှိသော မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ် ကိန်းအောင်းနေစေရေး စသည်တို့ကို ဆွေးနွေးဟောပြောပေးခဲ့သည်။
ထို့နောက် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ သူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည် ခေါင်းဆောင်ကြီး (၉)ဦးတို့၏အတ္ထုပ္ပတ္တိများ၊ အထူးဂရုပြု လိုက်နာရမည့် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း/ မူးယစ်ဆေးဝါးအန္တရာယ် တာဆီးကာကွယ်ရေး/ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)