ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန် လူငယ်စကားဝိုင်းကျင်းပ

ညောင်ဦး ဇူလိုင် ၁၃

လူငယ်များအသိပညာဗဟုသုတရရှိစေရန်နှင့် လူအများရှေ့တွင် ပြောရဲ၊ ဆိုရဲ၊ ဆွေးနွေးမေးမြန်းရဲသည့် အတွေ့အကြုံကောင်းများရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) ပန်းမျိုးတစ်ရာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းကို ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ကျင်းပခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုစန်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က လူငယ်စကားဝိုင်းများကို ပညာရေးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ Grade -12 မှ မဇာဇာအေးက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11 မှ မယမင်းကိုက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -10 မှ မဆုမွန်ငြိမ်းကလူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11 မှ မောင်မင်းဇော်ဟန်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -10 မှ မောင်ယာကမ်က လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ဆွေးနွေးကြရာ တစ်ဦးခြင်းဆွေးနွေးချက်များအပေါ် ကျောင်းသား/သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်းနှင့် ဦးဆောင်ဆွေးနွေးသူများ ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော်(လက်ထောက်ညွှန်ကြားရေးမှူး)၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးတို့က ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း