မဟာအောင်မြေ ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ကင်ပွန်းညွန့်များ လှိုင်လှိုင်ထွက်ရှိကာ ဈေးကောင်းရရှိသဖြင့် ကင်ပွန်းပင်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝါဆို၊ ဝါခေါင် ရေတက်ချိန်တွင် အခြားသီးနှံများဖြစ်သည့် မြေပဲ၊ ပဲ၊ ကန်ဇွန်းဥ အစရှိသည့် သစ်သီးဝလံပင်များ ရိတ်သိမ်းပြီးချိန်တွင် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် မိမိအိမ်ခြံမြေများထဲ၌ တစ်ပိုင်တစ်နိုင် ကင်ပွန်းပင်များစိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း၊ ကင်ပွန်းညွန့်များမှာ နေ့စဉ် (၅) ပိဿာမှ (၁၀) ပိဿာအထိ ထွက်ရှိပြီး (၁) ပိဿာလျှင်(၁၂၀၀)ကျပ်နှုန်းဖြင့် နေအိမ်အရောက်လာဝယ်သူရှိသကဲ့သို့ မန္တလေးမြို့ပေါ်တက်ပြီး ရောင်းချမှုများလည်းရှိကြောင်း ကင်ပွန်းစိုက်တောင်သူတစ်ဦးကပြောသည်။
“ဆောင်းရာသီမှာ ကင်ပွန်းပင်တွေကို ပြုစုပျိုးထောင်ပြီး နွေရာသီနဲ့ မိုးရာသီ ရွက်နုဝေချိန်မှာတော့ တစ်ပတ်(၁)ကြိမ် ရေတင်ပေးရတယ်။ အခုလို ဝါဆို၊ ဝါခေါင်လတွေမှာတော့ ကင်ပွန်းပင် အညွန့်ပိုထွက်တော့ ပိုပြီးအဆင်ပြေတယ်။ ဧရာဝတီမြစ်ဘေးလည်းဖြစ်တော့ ရေကြီးရေလျှံရင် အပင်သေတာမျိုးတွေတော့ရှိတာပေါ့။ သေသွားတဲ့အပင်တွေနေရာမှာ နှစ်စဉ်အစားထိုးစိုက်ပျိုးပြီး မြေဩဇာကျွေးတာတွေ လုပ်ရတယ်။ ဒီနှစ်တော့ စိုက်ပျိုးသူများပေမယ့်လည်း ဈေးကောင်းရရှိတော့ ကင်ပွန်းပင်စိုက် တောင်သူတွေ အဆင်ပြေကြတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အောင်ဇော်မင်း