ချီဖွေ ဇူလိုင်- ၁၂
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားတိရစ္ဆာန်များ ခွာနာလျှာနာ ရောဂါကာကွယ်နိုင်ရေးအတွက် FMD ကာကွယ်ဆေးကို ယခုလအတွင်း ကျွဲ၊ နွားတိရစ္ဆာန် အကောင် (၉၀) အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက် ကြီးကြပ်ရေးမှူး ဦးယိန်းဘောမ်နှင့်တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ မွေးမြူရေးလုပ်ကိုင်ကြသည့် တောင်သူများ၏ ကျွဲ၊ နွားတိရစ္ဆာန်များ ခွာနာလျှာနာ ရောဂါကာကွယ်နိုင်ရေးအတွက် FMD ကာကွယ်ဆေးများကို ကွင်းဆင်း၍ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
အဆိုပါ ခွာနာလျှာနာ၏ ရောဂါအမျိုးအစားမှာ ကျွဲ၊ နွားတိရစ္ဆာန်များအတွက် ကူးစက် ရောဂါအမျိုးအစားဖြစ်ပြီး ရောဂါဖြစ်ပွားမှုအချိန်တွင် အစာရေစာ စားသောက်ခြင်းမရှိခြင်း၊ ငယ်ရွယ်သော ကျွဲနွားတိရစ္ဆာန်ဖြစ်ပါက သေဆုံးနိုင်ချေရှိသော ရောဂါအမျိုးအစား ဖြစ်ပါ၍ မွေးမြူသူများအနေဖြင့် အထူးသတိပြုရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကာကွယ်ဆေးထိုးနှံပေးနိုင်ခြင်းဖြင့် မွေးမြူသူများအတွက် အထိရောက်ဆုံး ကာကွယ်ပေးခြင်းသာမက ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက်မည်ဖြစ်ကြောင်းသိရပါသည်။
ယော်ကိ (ပြန်/ဆက်)