ချီဖွေ ဇူလိုင် ၁၂
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်၏ နှစ်ပေါင်းတစ်ရာကျော်ကျရောက်ခဲ့သော သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ကျောင်းသား/ ကျောင်းသူများအနေဖြင့် မှတ်မှတ်ထင်ထင်ရှိနေစေရန်၊ ကျောင်းပြင်ပဗဟုသုတ ပိုမိုရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီး မှုရှိစေရန်၊ ညဏ်ပညာ ပိုမိုထက်မြက်လာစေရန်နှင့် လိမ္မာယဉ်ကျေးပြီး ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်အတွက် ပြိုင်ပွဲကိုကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဂွါဇာလေးက ပြောကြားခဲ့သည်။
ထို့နောက် ဆေးရောက်ခြယ်ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ချီဖွေမြို့နယ် အခြေခံပညာ မူလတန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၃၀) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိက ဆုများပေးအပ်ချီးမြှင့် ပေးအပ်ခဲ့ ကြောင်း သိရသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟာသုတရရှိစေရန် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်ခေါင်းဆောင် (၉) ဦးတို့၏ မှတ်တမ်းဓာတ်ပုံများ၊ အာဇာနည်ခေါင်ဆောင် (၉)ဦး လုပ်ကြံခံရသည့် အသိပညာပေး ကာတွန်း ပိုစတာများ၊ လူကုန် ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်ဘုတ်များ ခင်းကျင်းပြသ ထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယော်ကိ (ပြန်/ဆက်)