သပိတ်ကျင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ “လူငယ်ရေးရာ အသိပညာပေး”ဟောပြောပွဲ ကျင်းပ

သပိတ်ကျင်း ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်း စာသင်ဆောင်၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်၏ ကြယ်ပွင့်လေးများဖြစ်သည့်အတွက် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ရန် ကြိုးစားဖို့လိုကြောင်း၊ စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအတွက် အ​လေ့ကျင့်ကောင်းများရရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မပြတ် ပိုမိုဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အနာဂါတ်နိုင်ငံတော်ကို ပုံဖော်ထုစစ်ရမည့်သူများဖြစ်သည့်အတွက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့်ပြည့်စုံရန် လိုအပ်ကြောင်း ပညာတတ် ဖြစ်မှသာ အမှား /အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ကာ လောက၏ အထွတ်အထိပ်ကိုရောက်အောင် ဦးဆောင်နိုင်ကြမည့်သူများမှာ ယနေ့ပညာသင်ကြားလျက်ရှိကြသည့် လူငယ်များဖြစ်၍ ထူးချွန်ထက်မြက်သော လူငယ်များဖြစ်စေလိုကြောင်း၊ ပညာသည်လူငယ်များအတွက် အရေးကြီးဆုံးနှင့် အခြေခံအကျဆုံးဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များနှင့် အာဇာနည်နေ့နှင့်ပတ်သက်သည့် ဗဟုသုတရရှိစေမည့် အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)