ချီဖွေမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်

ချီဖွေ   ဇူလိုင်  ၁၂

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီမှ စတင်၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ အချက်အလက်များ ကောက်ယူစစ်ဆေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီးလာရောက် ဆောင်ရွက်သူများ၏  (Biographic Data) နှင့်  (Biometric  Data) ကောက်ယူ၍ (Database) တွင် သိမ်းဆည်းပြီး မတူညီသော ဂဏန်း (၁၀) လုံးပါဝင်သည့် (Unique ID) နံပါတ်သတ်မှတ်ပြီး ကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူလာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်သည့် တစ်ခုတည်းသောနံပါတ် (Unique ID) ထုတ်ပေးရန် (Online) စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦးထံမှ သိရသည်။

ယော်ကိ (ပြန်/ဆက်)