တာမွေ ဇူလိုင် ၁၂
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့်စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား/သူလူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း “ မြတ်ပန်းသဇင် ” ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ရီရီလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် “ လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင်ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦးအသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ် များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင် ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ” ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ် စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာမွေမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်နှင့် တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမဒေါ်သော်သော်မင်းနိုင် တို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုမော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသူလေးများအား လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများက ခန်းမအတွင်းပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင် (ပြန်/ဆက်)