ရန်ကုန် ဇူလိုင် ၁၂
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုက်ကြီးမြို့နယ်အတွင်း တိုင်းရင်းဆေးတိုးချဲ့ထုတ်လုပ်မည့် လုပ်ငန်းခွင်နှင့် မိုးစပါးပျိုးထောင်စိုက်ပျိုးနေမှုများအား ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက လိုက်လံကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုင်းရင်းဆေးဝါးထုတ်လုပ်တိုးချဲ့လုပ်ကိုင်မည့် ရှမ်းစုရပ်ကွက် လယ်တီ(၃) လမ်းရှိ မြန်မာ့ပြည်ကျော်အေးတိုင်းရင်းဆေးခန်းသို့ ရောက်ရှိရာ လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ခင်သစ်သစ်ဟန်မှ လက်ရှိလုပ်ငန်းလုပ်ဆောင်နေမှု၊ ဈေးကွက်သို့ ဖြန့်ချိရောင်းချနေမှုနှင့် တိုးချဲ့လုပ်ကိုင်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ သိရှိလိုသည်များ မေးမြန်းပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှုလေ့လာကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဂျိုးဖြူကျေးရွာ တောင်သူဦးကျော်ဝင်းအောင်၏ မိုးစပါး(၁၀)ဧက စိုက်ခင်းတွင် တိုင်းဒေသကြီးစက်မှု လယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကောက်စိုက်စက်ဖြင့်လည်းကောင်း၊ ရှစ်တန်းသွား စပါးမျိုးစေ့ချကိရိယာဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးနေမှုကိုလည်းကောင်း၊ ဥတိုကျေးရွာ တောင်သူဦးတင်လှ၏ မိုးစပါး (၁၇)ဧက စိုက်ခင်းတွင် ကောက်စိုက်သမများဖြင့် ပျိုးထောင်စိုက်ပျိုးနေမှုကိုလည်းကောင်း၊ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က စပါးအပြင် သီးထပ်၊ သီးညှပ်နှင့် ရာသီပေါ်သီးနှံများကို အကြားအလပ်မရှိ ထပ်မံစိုက်ပျိုးကြခြင်းဖြင့် တောင်သူဦးကြီးများကို ဝင်ငွေထပ်ခါ ထပ်ခါ ရစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်များကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များမှာကြား၍ ကောက်စိုက်သမများအား ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ပြီး တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)