သန်လျင် အောက်တိုဘာ ၁၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဈေးများအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိမရှိစစ်ဆေးခြင်းနှင့် Mask တပ်ဆင်မှုမရှိသူများကို အရေးယူခြင်းများအား ယမန်နေ့ နံနက် ၇ နာရီက မြို့မဈေး၊ မြို့ဟောင်းဈေးနှင့် အောင်ချမ်းသာဈေးများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများ၊ ဈေးတာဝန်ခံများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များ ပူးပေါင်းကာ ဈေးများအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး အသိပညာ ပေးခြင်း၊ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျဈေးရောင်းချခြင်းများ ရှိမရှိစစ်ဆေးခြင်း၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာပြည်သူများအား ကိုယ်အပူချိန် တိုင်းပေးခြင်း၊ လက်သန့်ဆေးဖြင့် လက်ဆေးစေခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းများနှင့် ဈေးများအတွင်း Mask တပ်ဆင်မှုမရှိသော ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား ဒဏ်ရိုက်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးများအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ ဈေးရောင်းချခြင်း၊ ဈေးဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် ဒဏ်ငွေရိုက်ခြင်း၊ ဒုတိယအကြိမ် မလိုက်နာပါက ဈေးရောင်းချခွင့် (၃) ရက်ပိတ်ရမည်ဖြစ်ပြီး တတိယအကြိမ် စည်ကမ်း မလိုက်ပါက (၇) ရက်နှင့် စတုတ္တအကြိမ် မလိုက်နာပါက ဈေးရောင်းချခွင့် (၁) လ ပိတ်သိမ်းသည်အထိ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သန်လျင်မြို့နယ် စည်ပင်သာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့် ထံမှ သိရသည်။
သက်ခိုင် (သန်လျင်)