(၁၃)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဟိုပန်၌ကျင်းပ

ဟိုပန် ဇူလိုင် ၁၂

နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေးဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပထမအကြိမ်အစည်းအဝေးခေါ်ယူကျင်းပရခြင်းဖြစ်ကြောင်း၊  ပွဲတော်ကျင်းပရေးအတွက်ကော်မတီများလည်းဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်များလည်းပေးအပ်ထားပြီးဖြစ်ကြောင်း၊ ဘာသာရေးပွဲဖြစ်သည့်အတွက် စေတနာထား၍ လုပ်ဆောင်ကြရန် မှာကြားလိုကြောင်း၊ ကော်မတီအချင်းချင်း ညှိနှိုင်းပေါင်းစပ်ကြရန်၊စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ ကော်မတီအလိုက်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို တင်ပြကြရန် ပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းရေးကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ကော်မတီ၊ ချက်ပြုတ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးကော်မတီ၊ သယ်ယူပို့ဆောင်ရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ လုံခြုံရေးကော်မတီနှင့် ပြန်ကြားရေး လုပ်ငန်းကော်မတီတို့က လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။ တင်ပြချက်များနှင့်ပတ်သက်၍ ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)