ပုဏ္ဏားကျွန်း ဇူလိုင် ၁၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၁၁) နာရီအချိန်က ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများသို့ ကလေးသူငယ်များအတွက် ကျောင်းဝတ်စုံများနှင့် အမှိုက်ပုံးများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ရာတွင် ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် KG တန်းမှ Grade-3 အထိ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်းခွဲ (မြို့မ)သို့ ကျောင်းဝတ်စုံ ၂၅၁ ထည်နှင့် အမှိုက်ပုံးတစ်လုံး၊ အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကျောင်းဝတ်စုံ ၁၇၂ ထည်တို့အား ထောက်ပံ့ပေးခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူတို့က အမှတ်(၁)၊ အမှတ်(၂)၊ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းများနှင့် ဂူဝကျေးရွာအခြေခံပညာ မူလတန်းကျောင်းများတွင် KG တန်းမှ Grade-3 အထိ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ (၇၇၅) ထည်နှင့် အမှိုက်ပုံးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)