ကွတ်ခိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကွတ်ခိုင် ဇူလိုင် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူနာပြုများက ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် (၆)လလျှင် တစ်ကြိမ် ထိုးနှံပေးသော ကာကွယ်ဆေး(Booster)ကိုလည်း ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀:၀၀) အချိန်က အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးခဲ့ပါသည်။ 

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်များက ကာကွယ်ဆေး မထိုးနှံမှီ ကျောင်းသား/သူများကိုကိုယ်အပူချိန်တိုင်းတာခြင်း၊ယခင် ကာကွယ်ဆေးထိုးနှံပြီးစီးမှုအကြိမ် အရေ အတွက်တို့ကို စီစစ်မေးမြန်းကောက်ယူလျက် ကျောင်းသား/သူမိဘများ၏ ဆေးထိုးခွင့်ပြုချက်ဖြင့် အတန်း လိုက် စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး အ.ထ.က(၂) ကျောင်းရှိအသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား/ကျောင်းသူ(၂၄၀)ဦးအားထိုးနှံပေးနိုင်ခဲ့‌ကြောင်းသိရသည်။ 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဆရာ၊ ဆရာမများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာ ကျောင်းများအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်မျိုးဦး(ကွတ်ခိုင်)