မြစ်ကြီးနား ဇူလိုင် ၁၂
၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေး စာဖတ်ခန်း၌ သမိုင်းတွင်တဲ့ အာဇာနည်နေ့ ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို လည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်ခန်းတွင် ကဗျာရွတ်ဆို ပြိုင်ပွဲကို လည်းကောင်း၊ ဘက်စုံသုံးခန်းမ၌ ကျပန်းစကားပြောပြိုင်ပွဲကို လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၇၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ဆုချီးမြှင့် ပေးအပ်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြစ်ကြီးနား ခရိုင်ဦးစီးမှူး ဦးကျော်ထက်က အဆိုပါ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ ကျင်းပရ သည့် ရည်ရွယ်ချက်ချက်များအား ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို (ကသာ)က အမှတ်ပေးစည်းမျဉ်း စည်းကမ်း ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ငုချိုချိုကျော်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များနှင့် ငွေကျပ်တန်ဖိုး စုစုပေါင်း နှစ်သိန်းခွဲရှိ အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)