တောင်ကုတ် ဇူလိုင် ၁၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှကြီးမှူး၍ တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာ Drum Seeder ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ချောင်းသုံးခွကျေးရွာရှိ ကွင်းအမှတ် (၁၀၇) ၊ ဦးပိုင်အမှတ်(၃၅) ရှိ တောင်သူဦးတင်သိန်း ၏ လယ်မြေ (၅) ဧက၌ ကျင်းပ ပြုလုပ် သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးထွန်းသိန်းက Drum Seeder ဖြင့် စပါးတိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများဖြစ်သည့် တစ်ဧက မျိုးစေ့နှုန်းသက်သာခြင်း၊ လုပ်အားကုန်ကျစရိတ်သက်သာခြင်း၊ လုပ်ငန်းချိန်မြန်ဆန်ခြင်း ၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ အချိန်နှင့်တပြေးညီစိုက်ပျိုးနိုင်ခြင်း စသည်တို့ကိုရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းသိန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်လင်းထွဋ် နှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများက Drum Seeder ဖြင့် မျိုးစေ့ချသရုပ်ပြပွဲ ကိုကြည့်ရှုကြပြီးနောက် တောင်သူများ၏မေးမြန်းချက်များကို မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းကပြန်လည် ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်လင်းထွဋ်နှင့် တောင်သူများ တက် ရောက်ခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)