အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအုပ်ကြီး ဖလား မေဂျာပေါင်းစုံအားကစားပြိုင်ပွဲဖွင့်ပွဲကျင်းပ

ကျောက်ပန်းတောင်း  ဇူလိုင်  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင် နှစ်၊ ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံအားကစား ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီက အဆိုပါကျောင်းရှိ ဖူဆယ်အားကစားပြိုင်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မေဂျာအလိုက် ဖူဆယ်အားကစားပြိုင်ပွဲဝင်များနှင့်ဧည့်သည်များ၊ ဌာနမှူများ နေရာယူပြီးနောက်  ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်ရီရီမွန်၊ ဒုတိယကျောင်းအုပ်ကြီး ဦးဟန်ဝင်းအောင် နှင့် မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန တာဝန်ခံ ဒေါ်ဝင်းမင်းသန်းတို့က အားကစားပြိုင်ပွဲများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ယင်းနောက်ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားအသင်းများအား လိုက်လံနှုတ်ဆက်ပြီး ပြိုင်ပွဲဝင်အားက စားအသင်းများက အားကစားအဓိဌာန် ရွတ်ဆိုကြသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ရီရီမွန်က အဖွင့်အမှာစကားပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ယင်းနောက် ပထမဦးစွာ ယှဉ်ပြိုင်ကစားကြမည့် Mechanical အသင်းနှင့် EC Family အသင်းသားများနှင့် နည်းပြများအား ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက သန့်သန့်ရှင်းရှင်း ကစားကြရန်နှင့် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွားခြင်းမရှိအောင် ထိန်းထိန်းသိမ်းသိမ်း ကစားကြရန်တို့ကို မှာကြားပြီး၊ မေဂျာတူမောင်နှမများက ပန်းကုံးများဆွတ်၍ ဂုဏ်ပြု၍ အသင်းကို စတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ၊ Mechanical အသင်းက  EC Family အသင်းကို ၆ ဂိုး/ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။ အလားတူ ဘောလီဘောပြိုင်ပွဲကို Civil အသင်းနှင့် Mechanical အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းနှင့် ညနေပိုင်းတွင်လည်း ဖူဆယ်အားကစားပြိုင်ပွဲများ၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ လွန်ဆွဲ၊ သံပုံးရိုက် အစရှိသည့် အားကစားပြိုင်ပွဲများကို (၂၁-၇-၂၀၂၃)ရက်နေ့ အထိ ဆက် လက် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ မေဂျာပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲသို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း) ကျောင်းအုပ်ဆရာမကြီးဒေါက်တာ ဒေါ်ရီရီမွန်၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဌာနမှူးများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသားကျောင်းသူများ၊ ဌာနဆိုင်ရာများ၊ စုစုပေါင်းအင်အား ၂၄၀ ကျော် တက်ရောက်ခဲ့ကြကြောင်းသိရပြီး၊ အားကစားပြိုင်ပွဲ ဆုပေးပွဲများကို ၂၁-၇-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)