မိုးနဲ ဇူလိုင် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမနေရာ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အခမ်းအနားမှူး (ဆင့်ပွား) သင်တန်း ဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သွယ်သွယ်ဇင်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက အခမ်းအနားမှူး ဆိုသည်မှာ၊ အသုံးအနှုန်း ဝေါဟာရများကို မှန်ကန်စွာ သုံးစွဲပြောကြားခြင်း၊ ကြိုတင်ပြင်ဆင်မှု၊ အခမ်းအနားတစ်ခု အောင်မြင်စွာကျင်းပခြင်း၊ အခမ်းအနားမှူးများ ပြောကြားရသော နမူနာပုံစံများ စသည့် အချက်များ ရှင်းလင်းခြင်းကိုလည်းကောင်း ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်နန်းမေသောင်းခင်က အခမ်းအနားမှူး တစ်ဦး၏ အားသာချက်၊ အားနည်းချက်များကိုလည်းကောင်း ရှင်းလင်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုပေါင်းအင်အား ၅၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇင်ကိုကို(ပြန်/ဆက်)