မူဆယ်မြို့၊ အခြေခံပညာရေးကျောင်းများရှိ ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မူဆယ် ဇူလိုင် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူနာပြုများက ကျောင်းသား/သူများကို ၂၀၂၃ ခုနှစ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် (၆) လလျှင် တစ်ကြိမ် ထိုးနှံပေးသော ကာကွယ်ဆေး(Booster)ကိုလည်း ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀:၀၀) အချိန်က အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများကို ထိုးနှံပေးခဲ့သည်။

ရှေးဦးစွာ ကာကွယ်ဆေးမထိုးနှံမှီ ကျောင်းသား/သူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ ယခင် ကာ ကွယ်ဆေးထိုးနှံပြီးစီးမှုအကြိမ်အရေအတွက်တို့ကို စီစစ်မေးမြန်းကောက်ယူလျက် ကျောင်းသား/သူ မိဘများ ၏ ဆေးထိုးခွင့်ပြုချက်ဖြင့် အတန်းလိုက် စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယါဆေးကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် KG တန်းကျောင်းသား/သူ(၁၄)ဦး၊ မူလတန်းဆင့် ကျောင်းသား/သူ(၆၆)ဦး၊ အလယ်တန်းဆင့် ကျောင်းသား/သူ(၂၈) ဦးနှင့် အထက်တန်းဆင့် ကျောင်းသား/သူ(၄)ဦး၊ စုစုပေါင်း (၁၁၂)ယောက်ထိုးနှံပေးခဲ့ပြီး (၆)လလျှင် တစ်ကြိမ် ထိုးနှံပေးသော ကာကွယ်ဆေး(Booster)ကိုလည်း KGတန်းကျောင်းသား(၁)ဦး၊ မူလတန်းဆင့် ကျောင်းသား/ သူ(၁၂၉)ဦး၊ အလယ်တန်းဆင့် ကျောင်းသား/သူ(၉၅)ဦးနှင့် အထက်တန်းဆင့်ကျောင်းသား/သူ(၂၈)ဦး၊ စုစုပေါင်း (၂၅၃)ယောက် ထိုးနှံပေးခဲ့သည်။ ထို့အပြင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်မံမထိုးနှံရသေးသော ဆရာ/ ဆရာမ(၆)ဦးကိုလည်း ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့အတူ မူဆယ်မြို့နယ် ကျန်းမာရေးဉီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများကို လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး  မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ဒေသခံပြည်သူ များကို လည်း ကွင်းဆင်းသွားရောက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)