နောင်ချို ဇူလိုင် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစိုင်းသိန်းဌေးက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်များ၏ လွတ်လပ်ရေးရရှိရန်အတွက် ကြိုးစားပုံများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများကို ပြသရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၂၆၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)