မော်လမြိုင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး ကွင်းဆင်းစစ်ဆေး

မော်လမြိုင်  အောက်တိုဘာ ၁၂

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း သည် မော်လမြိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းစစ်ဆေးခြင်းများကို ဂွေးကုန်း ကျေးရွာအုပ်စု၊ ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်၍ ယမန်နေ့နေ့လယ်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားမှုအပေါ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ ကန့်ကွက်စာရင်းများပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင်စာရင်းကပ်ထားမှု အခြေအနေ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာ၌ လာရောက်ကြည့်ရှုမှုအခြေအနေနှင့်စပ်လျဉ်း၍ Online မှတစ်ဆင့်ကြည့်ရှုနိုင်‌ရေး၊ မြို့နယ်အတွင်း Stay At Home ကာလဖြစ်သဖြင့် မဲရုံတာဝန်ကျသူများမှ တစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ရေး၊ မဲပေးရန်လွယ်ကူစေရေးအတွက် မဲစာရင်းအမှတ်စဉ်များ မှတ်သားထားရှိရေး စသည့်များကို ရပ်ကွက်၊ ကျေးရွာရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ကူညီဆောင်ရွက် ပေးရန်ရှိသည့် အချက်များအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

မော်လမြိုင်မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၃၈၀၀ဝ ကျော်ရှိပြီး မြို့နယ်အတွင်းရှိ မဲရုံ(၁၁၉)ရုံ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ပြည်နယ်(ပြန်/ဆက်)