ချမ်းအေးသာစံမြို့နယ်တွင် ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်

ချမ်းအေးသာစံ ဇူလိုင် ၁၂

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ပညာရေးဒီဂရီကောလိပ်၌ ပညာရေးဝန်ထမ်းများ မိသားစုများအား ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ ချမ်းအေးသာစံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများ နေ့စဉ်ဆောင်ရွက် လုပ်ကိုင်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ချမ်းအေးသာစံလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး​ဝေလင်းနှင့် ဝန်ထမ်းများသည် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစုများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေကာ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူပြီး Database တွင် သိမ်းဆည်းကာ မတူညီသော ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်များကို နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို Internet Line  ကောင်းမွန်သည့် အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် စုစည်း၍ အသက်(၁၀)နှစ်အထက် ရှိသူများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန် မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူ မည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်