ဆီဆိုင်မြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ

ဆီဆိုင် ဇူလိုင် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ မင်္ဂလာရပ်ကွက်အတွင်းရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းဆောင်သစ်အား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသစ်၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် မြို့နယ်ပညာရေးမှူး ဦးစိုင်းလှဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသစ်နှင့် မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးတို့က ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘတို့အနေဖြင့် ကျောင်းဆောင်သစ်အား ရေရှည်တည်တံ့စေရန်နှင့် ကျောင်းဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စီစီနှင်းနှင့် ဆီဆိုင်မြို့မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။ ထို့နောက် ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပါဝင်လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်ပညာရေးမှူး ဦးစိုင်းလှဝင်းနှင့် တာဝန်ရှိသူများက အသီသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ ကျောင်းဆောင်သစ်သည် အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိ RCC (၂)ထပ် စာသင်ကျောင်းဆောင်အဆောက်အအုံဖြစ်ပြီး ကျောင်းဆောင်သစ်ကို ပြည်ထောင်စုရန်ပုံငွေ ကျပ် (၂၀၉.၅၅)သန်းဖြင့် Shan Homeland Col.,Ltdက တာဝန်ယူ၍ တည်ဆောက်ခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)